International News

စီးပွားရေးလုပ်ငန်းများပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ယူရိုဇုန်၏ အလုပ်လက်မဲ့နှုန်း ပြန်လည် မြင့်တက်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ ရိုက်ခတ်မှုများကြောင့် ယူရိုဇုန်၏ အလုပ်လက်မဲ့နှုန်းထား ပြန်လည်မြင့်တက်ခဲ့ပြီး၊ ဇူလိုင်လတွင် အလုပ်လက်မဲ့ နှုန်းမှာ ၇ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။ ဇွန်လ၌ ယူရိုဇုန်၏ အလုပ်လက်မဲ့နှုန်းထား ၇ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ပြန်လည်မြင့်တက်လာခြင်းဖြစ်သော်လည်း ကြွေး မြီအကျပ်အတည်းကာလက စံချိန်တင်မြင့်တက်ခဲ့သည့် နှုန်းထားအောက်တွင် ရှိနေဆဲဖြစ်သည်။ ယူရိုဇုန်သည် ကိုရို နာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဆိုးရွားပြင်းထန်သောစီးပွားရေးဆုတ်ကပ်ဖြင့် ရုန်းကန်နေရပြီး၊ ရောဂါကူးစက် ပြန့် ပွားမှုထိန်းချုပ်ရေးဆိုင်ရာ တင်းကျပ်သောအစီအမံများကြောင့် ယခုနှစ်၏ ဒုတိယသုံးလပတ်တွင် ယင်း၏စီးပွားရေး မှာ ၁၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

ကပ်ရောဂါ၏ရိုက်ခတ်မှုကြောင့် ခက်ခဲသောစီးပွားရေးပတ်ဝန်းကျင်သည် လူငယ်လူရွယ်များအပေါ် သက်ရောက်မှု ရှိခဲ့ပြီး၊ အသက် ၂၅ နှစ်အောက်အပါအဝင် လူငယ်အလုပ်လက်မဲ့နှုန်းသည် ဇွန်လတွင် ၁၇ ဒသမ ၂ ရာခိုင်နှုန်းမှ ဇူလိုင်လတွင် ၁၇ ဒသမ ၃ ရာခိုင်နှုန်းသို့ အနည်းငယ် မြင့်တက်ခဲ့သည်။ အမျိုးသမီးအလုပ်သမားများ၏ အလုပ် လက်မဲ့နှုန်းမှာ ဇူလိုင်လတွင် ၈ ဒသမ ၃ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ပြီး၊ အမျိုးသားလုပ်သားများ အလုပ်လက်မဲ့ဖြစ်မှု နှုန်းသည် ၇ ဒသမ ၆ ရာခိုင်နှုန်းသို့ တက်လာခဲ့ကြောင်း သိရသည်။

ဥရောပ၏ စီးပွားရေးကျဆင်းမှုကို ကုစားရန်အတွက် အီးယူအနေဖြင့် ယူရို ၇၅၀ ဘီလီယံ သုံးစွဲမည့် ရန်ပုံငွေအစီ အစဉ်ကို ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက သဘောတူညီခဲ့ပြီး၊ လက်ရှိတွင် ယင်းအစီအစဉ်ကို စိစစ်နေဆဲဖြစ်ကာ ယခုနှစ်မကုန်မီတွင် ခွင့်ပြုချက်ရရှိနိုင်မည်ဟု ခန့်မှန်းထားကြသည်။ အီးယူနိုင်ငံများ၏ အစိုးရများအနေဖြင့် အဆိုပါ ရန်ပုံငွေအား အသုံးပြုမည့်အစီအစဉ်များကို တင်ပြ၍ ၎င်းတို့၏အစီအစဉ်များကို အီးယူနိုင်ငံအစိုးရများ၏ သဘော တူညီချက်ရယူကြရမည်ဖြစ်သည်။ အီးယူနိုင်ငံများအလိုက် ငွေကြေးဆိုင်ရာဆောင်ရွက်ချက်များအပြင် ဥရောပဗဟို ဘဏ်အနေဖြင့်လည်း ၂၀၂၁ ခုနှစ်၊ ဇွန်လအထိကြာမြင့်မည့် ယူရို ၁.၃၅ ထရီလီယံရှိသည့် ကပ်ရောဂါဆိုင်ရာအရေး ပေါ် ဝယ်ယူရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစိုးရငွေချေးစာချုပ်များအား ဝယ်ယူခြင်းကို ဆောင်ရွက်နေ ကြောင်း သိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် - (https://www.cnbc.com/)

Category: International News